ကမ္ဘာမြေကြီးကိုအကျိုးပြုစေမယ့်အစိမ်းရောင်မျှော်မှန်းချက်တွေချမှတ်ဖို့လွယ်ကူသက်သာတဲ့ အကြံဉာဏ် ၁၀ ချက်

ထိန်းသိမ်းကြစေ သဘာဝအမွေ

 

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍလေးမှာ ကမ္ဘာမြေကြီးကို အကျိုးပြုစေမယ့် အစိမ်းရောင် မျှော်မှန်းချက် Green Resolution တွေ ချမှတ်ဖို့ လွယ်ကူသက်သာတဲ့ အကြံဉာဏ် ၁၀ ချက် ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အစိမ်းရောင် မျှော်မှန်းချက် (Green Resolutions) ဆိုတာ က

နှစ်သစ်မှာ လူအတော်များများက အပြုသဘောဆောင်တဲ့အလေ့အကျင့်တွေကို စတင်ဖို့ ရည်မှန်းချက်တွေ ကိုယ်စီ ချလေ့ရှိပါတယ်။ ဒါကို New Year’s Resolution လို့ ခေါ်ပါတယ်။ လူသိများတဲ့ နှစ်သစ်ရည်မှန်းချက်တွေကတော့ လေ့ကျင့်ခန်းလုပ်တာ၊ ပလတ်စတစ် လျှော့သုံးတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားသုံးတာတို့ ပါဝင်ပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ တော်တော်များများက (သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိတဲ့ဘဝနေထိုင်မှုပုံစံ)ကို စတင်ကျင့်သုံးဖို့ စိတ်ဝင်စားလာကြတာကို တွေ့ရှိရပါတယ်။

အစိမ်းရောင် မျှော်မှန်းချက် (Green Resolution) နှင့် ရေရှည်တည်တံ့သော မျှော်မှန်းချက် (Sustainable Resolution ) ဆိုတာဟာ လူသားတွေအနေနဲ့ ကမ္ဘာကြီးအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ တိုးမြင့်စေပြီး မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေလျှော့ချနိုင်ဖို့ကို ရည်ရွယ်ပါတယ်။

အခုပြောပြပေးသွားမယ့် လွယ်ကူသက်သာတဲ့ အကြံဉာဏ် (၁၀) ချက်ကတော့

၁။ လျှော့ဝယ်ပါ။

လျှော့ဝယ်ခြင်းဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို လျော့နည်းစေပြီး လျှော့ဝယ်ခြင်းအားဖြင့် စွမ်းအင်နဲ့ ကမ္ဘာမြေရဲ့ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရာရောက်ပါတယ်။

၂။ ပြန်လည်အသုံးပြုခြင်းကို စတင်ပါ။

ပြန်လည်အသုံးပြုခြင်းက ကျန်တော်တို့ရဲ့ carbon footprint ကို လျင်မြန်စွာ လျှော့ချဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုမှာ အဓိက အဆင့်ငါးဆင့် ရှိပါတယ် - ကုန်ကြမ်းထုတ်ယူခြင်းနှင့် ပြုပြင်ခြင်း၊ ကုန်ကြမ်းသယ်ယူပို့ဆောင်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ကုန်ချောပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းသက်တမ်းကုန်ဆုံးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတို့ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုစီရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက် လေထုထဲကို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ပြန်လည်အသုံးပြုခြင်းအားဖြင့် ထုတ်လုပ်မှုစက်ဝန်းတလျှောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်မှုကို လျော့နည်းစေမှာပါ။

၃။ ဉယျာဉ်ခြံမြေ စိုက်ပျိုးပါ။

မိမိကိုယ်တိုင်စိုက်ပျိုးခြင်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးပြီး ပတ်ဝန်းကျင်အတွက် အံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဟာလည်း သင့် carbon footprint ကို လျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကျွန်တော်တို့ရဲ့ တကိုယ်ရေ carbon footprint ရဲ့ 8% ခန့်ဟာ အစားအစာများမှ လာပါတယ်။ ကိုယ်ပိုင်ဥယျာဉ်စိုက်ပျိုးခြင်းဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချစေပြီး ဓာတုဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲခြင်းကိုလည်း တစ်ခါတည်းရှောင်ကြဉ်ပြီးသားဖြစ်စေမှာပါ။ အိမ်မှာတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အော်ဂဲနစ်အသီးအနှံများကို စားသုံးနိုင်မှာဖြစ်ပါတယ်။

၄။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို မျှဝေပါ။

မိမိသိထားတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ခြင်းဆိုင်ရာအသိပညာဗဟုသုတတွေကို မိမိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ မျှဝေခြင်းကလည်း အရေးပါတဲ့ လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပါတယ်။ ကိုယ့်အနီးအနား မိတ်ဆွေသူငယ်ချင်းတွေကို မျှဝေရင်း ကိုယ်တိုင်ကလည်း စဉ်ဆက်မပြတ်လေ့လာခြင်းဖြင့် ပိုပြီးစိမ်းလန်းစိုပြေတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖြည်းဖြည်းချင်းဖန်တီးလာနိုင်မှာဖြစ်ပါတယ်။

၅။ food waste ကို လျှော့ချပါ။

စစ်တမ်းတွေအရ UK မှာဆိုရင် တစ်နှစ်ကို food waste တန်ချိန် ၉.၅၂ သန်းမျှ ထွက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ food waste လျှော့ချရန်အတွက် ကျွန်တော်တို့လိုက်နာသင့်တဲ့ ရိုးရှင်းလွယ်ကူတဲ့ အချက်တွေကတော့ ...

- ကိုယ်စားနိုင်သလောက်ပမာဏအတိုင်း အစားအသောက်ကို ကြိုတင် ပြင်ဆင်ပါ။

- စားလို့မကုန်တဲ့ အစားအစာ (Leftover) တွေကို ပြန်နွေးပြီး စားသုံးလို့ရအောင် သေချာသိမ်းဆည်းပါ။

- ဟင်းသီးဟင်းရွက်နဲ့ အသား၊ ငါးတွေကို လတ်ဆတ်အောင် ထိန်းသိမ်းပါ။

- အစားအစာတွေမှာပါတဲ့ ရက်လွန်ဒိတ်တွေကို အမြဲသတိပြုပါ။

- အစားအသောက်တွေကို ဘယ်လို စနစ်တကျ သိမ်းဆည်းရမလဲဆိုတာ လေ့လာပါ။

၆။ သဘာဝမြေဆွေးပြုလုပ်ပါ။

သဘာဝမြေဆွေးပြုလုပ်ခြင်းအားဖြင့် ဥယျာဉ်ခြံမြေအတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ မြေသားရရှိမှာဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုဒ်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချပေးနိုင်ပါတယ်။

၇။ Second-hand ဆိုင်တွေမှာ ဝယ်ယူပါ။

တစ်ပတ်ရစ်ပစ္စည်းများဝယ်ယူခြင်းဟာ အမှိုက်များကို လျှော့ချရန်နှင့် ကုန်ထုတ်လုပ်မှုကိုလျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသစ်ဝယ်တာထက် အများကြီးစျေးသက်သာသလို အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ရောင်းချပေးနေတဲ့ တစ်ပတ်ရစ်စတိုးဆိုင်တွေကို ပိုမို အားပေးဝယ်ယူသင့်ပါတယ်။

၈။ ပလတ်စတစ်အသုံးပြုကို လျှော့ချပါ။

Big Plastic Count ၏ အဆိုအရ တစ်ပတ်မှာ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ရဲ့ 12% ကိုပဲ အမှန်တကယ် ပြန်လည်အသုံးပြုတယ်လို့ဆိုပါတယ်။ ကျန်တဲ့ပလတ်စတစ်အမှိုက်တွေကိုတော့ မီးရှို့ဖျက်စီးတာ၊ မြေဖို့တာမျိုးနဲ့ ပြည်ပကို တင်ပို့တာမျိုး လုပ်ဆောင်ပါတယ်။ ဒီလိုနည်းနဲ့ ပလတ်စတစ်အမှိုက်တွေဟာ မြေကြီး၊ သမုဒ္ဒရာများနှင့် လေထုအတွင်းသို့ ဝင်ရောက်ကာ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာပေါ်ရှိ တောရိုင်းတိရိစ္ဆာန်များနှင့် အနာဂတ်မျိုးဆက်များအထိပါ အန္တရာယ်ဖြစ်ပေါ်စေပါတယ်။

၉။ Upcycle လုပ်ပါ။

Upcycling ဆိုတာက မလိုတဲ့ကုန်ပစ္စည်းတွေကို အသုံးဝင်တဲ့ အရာတစ်ခုအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်တယ်။ ဥပမာ - ဟောင်းနွမ်းနေတဲ့သားရေဖိနပ်ကို အပင်အိုးအဖြစ်သို့ ပြောင်းလဲတာကအစ အရောင်တင်ခြင်း၊ ဆေးသုတ်ခြင်းနှင့် ဟောင်းနွမ်းနေတဲ့ ပရိဘောဂများကို ပြန်လည်မွမ်းမံခြင်းအထိ အမျိုးအစားအားလုံးကို အသုံးပြုနိုင်ပါတယ်။

၁၀။ ပြုပြင်ပါ။

ပစ္စည်းများကို ပြုပြင်ခြင်းက ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို လျော့ကျစေပြီး အမှိုက်သံသရာကို ရှောင်ရှားစေမှာပါ။ ပစ္စည်းတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ ဝယ်ယူခြင်းထက် ပြုပြင်သုံးစွဲခြင်းက များစွာ ပို၍ အကျိုးပြုစေပါတယ်၊၊

ဒီလောက်ဆိုရင် နားဆင်သူသောတရှင်များလည်း 2024 အတွက်ချမှတ်နိုင်မယ့် Green Resolution တွေကို သိပြီးဖြစ်တာကြောင့် ဒီထဲက မိမိနဲ့ ကိုက်ညီတဲ့ တစ်ခုကိုရွေးပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်လိုက်ပါ။ ပလတ်စတစ်ပိုက်တွေမသုံးတာ ဒါမှမဟုတ် ရေသန့်ဘူးလျှော့ဝယ်တာလိုမျိုး အကျင့်လေးတွေဟာလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။ ဒါကြောင့် သောတရှင်များလည်း အပြုသဘောဆောင်တဲ့ အလေ့အထတွေကို လိုက်ပါလုပ်ဆောင်ရင်း ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးအတွက် အကျိုးရှိသော အရာများ လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီအစီအစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်။

ဒီဆောင်းပါးကိုတော့ မာရီယာ က ရေးသားထားပြီး Environment, Health and Safety Myanmar - (EHS Myanmar) ပေ့ချ်ကနေ ပြန်လည်ကောက်နှုတ်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။

Add new comment

2 + 0 =