“ကလေးငယ်များနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အရုပ်များ၏ သက်ရောက်မှု”

“ကလေးငယ်များနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အရုပ်များ၏ သက်ရောက်မှု”

 

ပလတ်စတစ်ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ လာ၍ “ပုံသွန်းရန်သင့်သော ပစ္စည်း” ဟု အနက်ရ၏။ နှစ်ပေါင်းအတော်ကြာစွာပင် ပုံသွန်းရလွယ်သော ပစ္စည်းများကိုလည်းကောင်း၊ ဖိအားဖြင့် ပုံပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း ပလတ်စတစ်အဖြစ်အသုံးပြုခဲ့ကြ၏။ ထိုပစ္စည်းတို့တွင် မြေစေး၊ ကော်ဖတ်နှင့် သတ္တုအချို့ပါဝင်၏။ ယခုအခါ ပလတ်စတစ်ကို ပစ္စည်းအမျိုးမျိုးမှ ဓာတုဗေဒ နည်းများဖြင့် ရောစပ်ယူနိုင်ပြီဖြစ်ရာ ပလတ်စတစ်လုပ်ငန်းသည် အထူး တိုးတက်ဖွံ့ဖြိုးလျက် ရှိပေ သည်။
ပလတ်စတစ်ပစ္စည်းများကို ကျောက်မီးသွေး၊ လေနှင့် ရေတို့မှ ပြုလုပ်ရရှိသည်ဟုဆို၏။ ဤသို့ဆိုရာ၌ ထိုပစ္စည်းများကို တစ်ခါတည်းရောစပ်၍ ပလတ်စတစ်ပြုလုပ်သည်ဟု မဆိုလိုချေ။ ထိုပစ္စည်းများကို ပထမအဆင့်အားဖြင့် ကြားပစ္စည်းအမျိုးမျိုးကို ပြုလုပ်ပြီးမှ၊ ထိုကြားပစ္စည်းမှတဆင့် ပလတ်စတစ် ပြုလုပ်ကြရသည်။ ကျောက်မီးသွေး၊ ရေ၊ လေ၊ ထုံးကျောက်နှင့် ဆားတို့ကို ကြားပစ္စည်းပြုလုပ်ရန် အတွက် အများအပြားအသုံးပြုကြသည်။

ပလတ်စတစ်အမျိုးအစားများ

ပလတ်စတစ်အမျိုးအစား(၇)မျိုးရှိသည်။၄င်းတို့မှာ-
(1)Polyethylene Terephthalate (PETE (or) PET)
 

(2)High-Density Polyethylene (HDPE)
 

(3)Polyvinyl Chloride (Vinyl or PVC)
 

(4)Low-Density Polyethylene (LDPE)
 

(5)Polypropylene (PP)
 

(6)Polystyrene (PS)
 

(7)Miscellaneous Plastics
 

ကလေးကစားစရာ ပလတ်စတစ်အရုပ်များသည် နံပါတ်(2) High-Density Polyethylene (HDPE) ပလတ်စတစ်အမျိုးအစားတွင် ပါဝင်ပါသည်။စျေးကွက်ရှိ အရုပ်များ၏ ၉၀ ရာခိုင်နှုန်းကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည်။ပလတ်စတစ်နှင့် ပြုလုပ်ထားသော အရုပ်များစွာတို့သည် ၂၀ ရာစု နှစ်များအတွင်း များစွာထွက်ပေါ်လာခဲ့သည်။ပလတ်စတစ်အရုပ်များတွင် ခဲ သို့မဟုတ် ကက်ဒီယမ် သို့မဟုတ် ဒိုင်အောက်စင်ကဲ့သို့သော အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် လေးလံသောသတ္တုများ ပါဝင်သည်။ထိုကဲ့သို့ အဆိပ်အတောက်ရှိစေသော ပစ္စည်းများကို အသုံးပြုထားခြင်းသည် ကလေးများ အတွက် အန္တရာယ်ဖြစ်စေနိုင်သည်။ပလတ်စတစ်အရုပ်များတွင်ပါသော အဆိပ်အတောက်များသည် ကလေးငယ်များတွင် ဆိုးကျိုးများစွာ ဖြစ်ပေါ်ခဲ့သည်။
မိဘများသည် ၄င်းတို့၏ကလေးငယ်များ စိတ်ကျေနပ်ပျော်ရွှင်စေရန် ရည်ရွယ်ချက်ဖြင့် အိမ်တွင် ပလတ်စတစ်အရုပ်များစွာကို ဝယ်ယူပေးကြသည်။ထို့ပြင် မွေးနေ့များ၊အမှတ်တရ နေ့ရက်များတွင် လည်း မိသားစုနှင့် သူငယ်ချင်းများက ပလတ်စတစ်ကို အသုံးပြုထားသော အရုပ်များပေးခြင်းဖြင့် အလွယ်တကူပင် ပလတ်စတစ်အသုံးပြုမှု ဖြစ်ပေါ်စေသည်ကို မေ့လျော့နေတတ်ကြသည်။
ကလေးများသည် အရောင်အသွေးစုံလင်လှပြီး ပုံသဏ္ဍာန်မျိုးစုံရှိသော စွဲမက်ချစ်ခင်စဖွယ် အရုပ်များကို မြင်လျှင် မရလျှင်မနေနိုင်ဖြစ်ကာ မိဘများကို ပူဆာလေ့ရှိကြသည်။မိဘများသည်လည်း သားသမီး၏ပူဆာမှုကို ဖြည့်ဆည်းပေးရန် ထိုအရုပ်များကို အလွယ်တကူပင် ဝယ်ယူမှုများ ဖြစ်လာသ ည်။
ပလတ်စတစ်အရုပ်အားလုံးတွင် အဆိပ်အတောက်များ ပါသည်ဟု မဆိုနိုင်သော်လည်း များစွာ သောအရုပ်များတွင် အဆိပ်အတောက်များ ပါဝင်ပါသည်။ထိုသို့ အဆိပ်အတောက်များပါသည့် အရုပ်ငယ်များကို ငယ်ရွယ်သေးသည့် ကလေးများက မျိုချတတ်ကြသည်။အဓိကမှာ သွားများဖြင့် ကိုက်မိပြီး မျိုချလိုက်ခြင်းဖြစ်သည်။ထိုသို့ မျိုချမိရာမှ အဆိပ်အတောက်များသည် ကလေးငယ်၏ ခန္ဓာကိုယ်အတွင်းကို ရောက်သွားကာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။အဆိပ်အတောက်များသည် ပလတ်စတစ်တွင်လည်းကောင်း၊ကလေးငယ်များကို ဆွဲဆောင်မှုရှိအောင် အရောင်ခြယ်အသုံးပြုသည့် ဆိုးဆေးများတွင်လည်းကောင်း ပါဝင်နိုင်သည်။
ကလေးငယ်များကစားသည့် ကစားစရာများတွင် အဆိပ်များ မပါဝင်စေရန်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက စည်းမျဥ်းများချမှတ်ထားသော်လည်း အချို့သောထုတ်ကုန်များသည် လိုက်နာမှုမရှိသည်ကို တွေ့ရှိရသည်။ထို့ကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အရုပ်များ၏ အရည်အသွေး၊ အဆိပ်ကင်းစင်မှုနှင့် ပတ်သက်၍ တင်းကျပ်သော စံနှုန်းသတ်မှတ်ချက်များကို ထပ်မံချမှတ်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ပလတ်စတစ်အရုပ်များတွင် အဆိပ်အတောက်များ မပါဝင်သည်မှာ သေချာစေရန် အောက်ဖော်ပြပါအချက်များကို သတိပြုသင့်ပါသည်။
ကလေးငယ်များအတွက် ထည့်သွင်းစဥ်းစားကာ ထုတ်လုပ်သော အဆိပ်အတောက်ကင်း သည့် ယုံကြည်စိတ်ချရသော ဆိုင်များမှသာ အရုပ်များကိုဝယ်ပါ(အွန်လိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ စတိုးဆိုင် များတွင်)။အရုပ်များကို မဝယ်ယူမီ ထုပ်ပိုးထားသော ဘူးများပေါ်တွင်ပါသော သတိပေးချက်များနှင့် ညွှန်ကြားချက်များကို သေချာစွာ ဖတ်ပါ။

ကလေးငယ်အများစု ပလတ်စတစ်အဆိပ်သင့်မှု ခံစားရခြင်း
လူ့ခန္ဓာကိုယ်ဆိုင်ရာ စောင်ဲ့ကြည့်လေ့လာမှုအဖွဲ့၊ ဂျာမနီနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန နှင့် Robert Koch Institute တို့ ပူးပေါင်းပြုလုပ်သည့် သုတေသနလေ့လာမှုအရ ကလေးငယ်အများစု (အသက် ၃နှစ် မှ ၁၇နှစ်ထိ)မှာ ကိုယ်တွင်း ပလတ်စတစ်တည်ရှိနေမှု မြင့်မားနေကြောင်း တွေ့ရှိခဲ့ကြပါ သည်။
လေ့လာသူများအနေဖြင့် ကလေးငယ် ၂၅၀၀ ကို သွေးနှင့်ဆီး စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ် ပြီး ကလေးငယ် ၉၇ ရာခိုင်နှုန်းခန့်သည် ကိုယ်တွင်းပလတ်စတစ်အဆိပ်သင့်မှု ဖြစ်ပွားနေကြောင်းတွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။
အသုံးပြုရန် မသင့်တော်သော ပလတ်စတစ်ပါဝင်ပစ္စည်းများကို ကန့်သတ်ထားသော်လည်း Perfluorooctanoic Acid (PFOA)မှာ လတ်တလောတွင် အများဆုံးအသုံးပြုနေကြသည့် ဓာတုပစ္စည်း တစ်မျိုးလည်း ဖြစ်ပါသည်။ PFOA ကို ပလတ်စတစ်မီးဖိုချောင်သုံးပစ္စည်းများ၊ကလေးကစားစရာများ၊ ကလေးအသုံးအဆောင်များနှင့် မိုးကာအက်ျီများတွင် အများဆုံး တွေ့ရပါသည်။
PFOA ပါဝင်မှုသည် ၂၀ ရာခိုင်နှုန်းထက် မြင့်နေမည်ဆိုလျှင် အသုံးပြုရန် မသင့်တော်ဟု သတ်မှတ်ထားပြီး PFOA ကို ကုန်ထုတ်လုပ်မှုစက်ရုံများတွင် ဓာတုပစ္စည်းတစ်မျိုးအနေဖြင့်သာအသုံး ပြုကြပါသည်။PFOA ကို ကုန်ထုတ်လုပ်မှုအပိုင်းတွင် အသုံးများကြသည်မှာ PFOA တွင် ခိုင်ခန့်နိုင်စွမ်း နှင့် တာရှည်ခံနိုင်စွမ်းများ ပါဝင်နေသောကြောင့် ဖြစ်သည်။
EU အနေဖြင့် PFOA အသုံးပြုမှုကို တရားဝင်ပိတ်ပင်ထားပြီး ၂၀၂၀ ခုနှစ်နှင့် နောက်ပိုင်းနှစ် များတွင် ကျန်းမာရေးထိခိုက်မှုများ လျော့နည်းလာစေရန်အတွက် ရည်ရွယ်ကာ ပိတ်ပင်ထားခြင်းလည်း ဖြစ်ပါသည်။
လေ့လာမှုမှတ်တမ်းများကို ခြုံငုံသုံးသပ်ကြည့်သောအခါ ကလေးငယ်များသည် မရေတွက်နိုင် သော ပလတ်စတစ်ပစ္စည်းများကို ကစားစရာများမှစ၍ အိမ်သုံးပရိဘောဂများအဆုံး ထိတွေ့ ဆော့ ကစားနေကြခြင်းဖြစ်သည့်အတွက်ကြောင့် ထိုကဲ့သို့ ပလတ်စတစ်အဆိပ်သင့်မှုကို ခံစားနေကြရခြင်း ဖြစ်ပါသည်။
ပလတ်စတစ်အဆိပ်သင့်မှုသည် ကလေးငယ်များအတွက် အလွန်အန္တရာယ်ရှိသော ကိစ္စတစ်ခု ဖြစ်နေသော်လည်း အရွယ်ရောက်ပြီးသူများအတွက်မူ ခန္ဓာကိုယ်ဖွံ့ဖြိုးပြီး ဖြစ်သောကြောင့် ဟော်မုန်း မညီမျှမှုသာ ဖြစ်ပွားနိုင်သည်ဟု သိရပါသည်။

အဆိပ်အတောက်ကင်းစင်သော ဂေဟစနစ်နှင့် ကိုက်ညီသည့် ကစားစရာအရုပ်များကို ဝယ်ယူခြင်း
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဥ် (UNEP)၏ လေ့လာမှု အစီရင်ခံစာအရ PVC ပလတ်စတစ်အရုပ်များသည် ကလေးများအတွက် အန္တရာယ်များစွာရှိသည်ကို တွေ့ရှိခဲ့သဖြင့် အဆိပ်အတောက်ကင်းစင်သော ဂေဟစနစ်နှင့်ကိုက်ညီသော ကစားစရာများကို ဝယ်ယူအသုံးပြုကြရ မည် ဖြစ်သည်။
ကလေးငယ်များ ကစားပြီး ဟောင်းနွမ်းစုတ်ပြတ်သွားသော ပလတ်စတစ်အရုပ်များကို စွန့်ပစ် သည့်အခါ သမုဒ္ဒရာများအပါအဝင် ကမ္ဘာမြေ၏ဂေဟစနစ်ကို များစွာညစ်ညမ်းစေပါသည်။ထို့ပြင် အချို့သော ကလေးနို့ဘူးများနှင့် နို့သီးခေါင်းများသည် Phthalates နှင့် Bisphenol-A များကဲ့သို့ အဆိပ်အတောက်များ ပါဝင်သည့်အတွက် လူသားတို့၏ ဟော်မုန်းစနစ်ကို အနှောင့်အယှက် ဖြစ်စေ သည်။ပျော့ပျောင်းသော ပလတ်စတစ်အရုပ်များတွင် ဟော်မုန်းစနစ်ကို နှောင့်ယှက်သော Phthalates များပါဝင်ပြီး အလေးချိန်အလိုက် ရာခိုင်နှုန်းအနည်းငယ်မှသည် ၄၀ ရာခိုင်နှုန်းကျော်ထိ ပါဝင်နိုင်သည်။
Phthalates သည် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများစွာနှင့် ဆက်စပ်နေပြီး မျိုးအောင်နိုင်မှုကို လျော့ကျစေပြီး ကိုယ်ဝန်ပျက်ကျခြင်း၊မွေးရာပါ ကိုယ်ခန္ဓာချို့ယွင်းခြင်း စသည်တို့ အပြင် အသည်းနှင့် ကျောက်ကပ်၊ကင်ဆာတို့ကိုလည်း ဖြစ်စေနိုင်သည်။ထို့အတွက် Phthalates နှင့် Bisphenol-A ကင်းစင်ကြောင်းကို အဆိုပါပစ္စည်းများ၏ ဘူးများတွင် BPA Free ဟု ရေးသားထား သည်ကို တွေ့မြင်ဖူးကြမည် ဖြစ်သည်။
ပလတ်စတစ်အရုပ်များသည် အမှိုက်ပုံများနှင့် သမုဒ္ဒရာများတွင် အဆုံးသတ်ကာ ရေထု၊မြေထု ညစ်ညမ်းမှုများကို ဖြစ်စေသောကြောင့် ကလေးကစားစရာအရုပ်များတွင် ပလတ်စတစ်များ အသုံးပြုမှုကို လျှော့ချရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက အသိပညာပေးခဲ့သော်လည်း ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများမှာ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

ပလတ်စတစ်အရုပ်များသည် တစ်ခါသုံးပလတ်စတစ်များထက် ပိုမိုထုထည်ကျစ်လျစ်ကြီးမား ကြသဖြင့် ပျက်စီးရန်မှာ သက်တမ်းပို၍ ကြာရှည်နိုင်သည်။၄င်းတို့သည် တစ်ချိန်ချိန်တွင် အမှိုက်ပုံထဲသို့ ရောက်ရှိလာမည်ဖြစ်သည့်အပြင် ပြန်လည်အသုံးပြု၍ မရသော အမှိုက်အဖြစ် ပင်လယ်ထဲတွင် အဆုံး သတ်သွားမည် ဖြစ်ပေသည်။ထိုပြဿနာကို လျှော့ချရပ်တန့်ရန်အတွက် ရေရှည်တည်တံ့ပြီး ပလတ်စတစ် မဟုတ်သော ကစားစရာများ၊အရုပ်အသစ်များကို ဝယ်ယူလိုပါက ပိုမိုရေရှည်တည်တံ့ သောပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အရုပ်များကို ရွေးချယ်ဝယ်ယူသင့်သည်။

ထို့ပြင် ပလတ်စတစ်အရုပ်များ ဝယ်လိုပါက တစ်ပတ်ရစ်အရုပ်များကို ဝယ်ခြင်းဖြင့်ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ထို့ကြောင့် ၄င်းအရုပ်များကို ယနေ့ခေတ်စံနှုန်းများအတိုင်းဖြစ်ကြောင်း ထပ်ခါထပ်ခါစစ်ဆေးခြင်း၊မိမိကလေးများ အရွယ်ရောက်ပြီး မကစားတော့သည့် အရုပ်များ၊အသုံးပြုပြီးသား အရုပ်များကို လှူဒါန်းခြင်း၊ဖြစ်နိုင်ပါက မှန်ကန်စွာ ပြန်လည်အသုံးပြုရမည် ဖြစ်သည်။ဤသို့ ပြုလုပ်ခြင်းဖြင့် အရုပ်များ အလွယ်တကူ စွန့်ပစ်ခြင်းကို လျှော့ချနိုင်သည့်အပြင် အသစ်ဝယ်ယူခြင်းများကိုလည်း လျှော့ချနိုင်မည် ဖြစ်ပေသည်။ထို့ပြင် ကျိုးပဲ့ ပျက်စီးသွားသောအရုပ်များကို မစွန့်ပစ်မီ တတ်နိုင်သမျှ ပြန်လည်အသုံးပြုရန် အကောင်းဆုံး ကြိုးစားခြင်းဖြင့် ပလတ်စတစ်အရုပ်များအသုံးပြုမှုကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း လေ့လာတင်ဆက်လိုက်ပါသည်။

Source : မသန်းလှ (ပညာရေး ) Greenness Myanmar 

 

Add new comment

2 + 7 =