Eco-resolutions အလေ့အကျင့်များနှင့် ရေရှည်တည်တံ့သော ဘဝနေထိုင်မှုပုံစံ

ထိန်းသိမ်းကြစေ သဘာဝအမွေ

ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ Eco-resolutions အလေ့အကျင့်များနှင့် ရေရှည်တည်တံ့သော ဘဝနေထိုင်မှုပုံစံအတွက် အကြံဉာဏ်အချို့ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နေ့စဉ်ဘဝတွင် ရိုးရှင်းစွာ လိုက်လုပ်နိုင်သော Eco-resolutions အလေ့အကျင့် အချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဦးစွာ ကျွန်တော်တို့အနေနဲ့ Eco-resolutions အလေ့အကျင့်များကို မစတင်မီ ကျွန်တော်တို့၏ နေ့စဉ်အလေ့အကျင့်များကို ပြန်လည်သုံးသပ်ရန်လိုအပ်ပါသည်။ နေ့စဉ် ကျွန်တော်တို့တွေ ပလတ်စတစ်မည်မျှ အသုံးပြုနေသည်၊ ရေကို မချွေတာဘဲ မည်မျှအသုံးပြနေသည်၊ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကာဗွန်ခြေရာမည်မျှထွက်နေသည်၊ အစရှိသဖြင့် ကျွန်တော်တို့ကိုယ်တိုင် ဆန်းစစ်ရန်လိုအပ်ပါသည်။  ကျွန်တော်တို့ကိုယ်တိုင်က ကိုယ်တိုင်သိရှိနားလည်မှုရှိခြင်းကပင်လျှင် ကျွန်တော်တို့ စတင်မည့် Eco-resolutions အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်လာမည် ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် Eco-resolutions အလေ့အကျင့်များနှင့် ရေရှည်တည်တံ့သော ဘဝနေထိုင်မှုပုံစံအတွက် အကြံဉာဏ်အချို့ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

1. တစ်ခါသုံး ပလတ်စတစ်အသုံးပြုခြင်းကို လျှော့ချခြင်း

ကျွန်တော်တို့ အအေးသောက်ရာတွင် ကိုယ်ပိုင်ဘူးယူသွားခြင်း၊ ဈေးဝယ်သွားရာတွင် ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော အိတ်များကိုယူသွားခြင်း အစရှိသဖြင့် တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှုကို ကျွန်တော်တို့ လျှော့ချနိုင်ပါသည်။

2. စွမ်းအင်ချွေတာခြင်း

နေ့ခင်းအချိန်တွင် မီးသီးများကို မလိုအပ်ဘဲ ဖွင့်မထားခြင်း၊ ပလပ်ပေါက်များတွင် လျှပ်စစ်ကြိုးတန်းလန်းဖြင့် မထားခြင်း အစရှိသဖြင့် ကျွန်တော်တို့ ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြုနိုင်သည်သာမက မီတာခပါ ချွေတာရာရောက်ပါသည်။

3. ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်း

စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်းသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီ၏ ကာဗွန်ခြေရာကို လျှော့ချပေးနိုင်ပါသည်။ ယခုနောက်ပိုင်း အသုံးများလာသော လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်ကား အစရှိသည်တို့ကိုလည်း ကျွန်တော်တို့ အစားထိုးအသုံးပြုနိုင်ပါသည်။

4. ဒေသတွင်း ထုတ်ကုန်များနှင့် ရေရှည်တည်တံ့စေရန် ရည်ရွယ်ထုတ်လုပ်သော ထုတ်ကုန်များကို အားပေးခြင်း

ကျွန်တော်တို့ နေထိုင်ရာဝန်းကျင်ကို ပံ့ပိုးရန်နှင့် သယ်ယူပို့ဆောင်ရေး၏ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန်အတွက် ဒေသတွင်းထုတ်ကုန်များကို ကျွန်တော်တို့ ပိုမိုအားပေးသင့်ပါသည်။

5. စွန့်ပစ်ပစ္စည်းထွက်ရှိမှုကို လျှော့ချခြင်း

စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဆွေးပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် တစ်ခါသုံးပစ္စည်းများကို နည်းပါးအောင်ပြုလုပ်ခြင်းဖြင့် အမှိုက်ကင်းစင်သောဘဝနေထိုင်မှုပုံစံကို ကျွန်တော်တို့ ကျင့်သုံးနိုင်ပါသည်။

6. ရေကိုချွေတာသုံးစွဲခြင်း

ကျွန်တော်တို့အိမ်တွင်း ရေယိုစိမ့်မှုများကို ပြုပြင်ခြင်း၊ ရေကို သက်သာစေသော ကိရိယာများကို အသုံးပြုခြင်းဖြင့်  ရေထိန်းသိမ်းရာတွင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွင် ပါဝင်ကူညီရာ ရောက်ပါသည်။

7. အခြားသူများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ မျှဝေပေးခြင်း

ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ အခြားသူများကိုလည်း သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော အသိပညာများကို ပြန်လည်မျှဝေပေးခြင်းဖြင့် လူအများပါဝင်လာနိုင်စေပါသည်။

 

 

ကျွန်တော်တို့ Eco-resolutions အလေ့အကျင့်များကို စတင်လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများရှိနိုင်သော်လည်း ဖြေးဖြေးမှန်မှန် လုပ်ဆောင်သွားမည်ဆိုပါက ပုံမှန်လုပ်နေကျ အလေ့အကျင့်များတိုင်းပင် လွယ်ကူလာမည် ဖြစ်ပါသည်။ ကျွန်တော်တို့ Eco-resolutions ခရီးကိုစတင်စဉ်တွင် အပြောင်းအလဲသည် တစ်ဦးချင်း လုပ်ဆောင်မှုများမှအစပြုကြောင်း သတိပြုမိရန်လိုပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ရွေးချယ်မှုတစ်ခုချင်းစီသည် ပိုမိုရေရှည်တည်တံ့သော ကမ္ဘာကြီးကို ပုံဖော်ပေးနိုင်သည့် စုပေါင်းကြိုးပမ်းမှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။  ။

သောတရှင်များလည်း သဘာဝပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်သော Eco-resolutions အလေ့အကျင့်များကို ကြိုးစားလိုက်ပါလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်။

တင်ဆက်/တည်းဖြတ် - ပင်ကီ သီရိကျော် Credit-EHS Myanmar #rvamyanmar #rvapastoralcare #Environment #Ecoresolutions

EHSMyanmar #EcoResolutions #SmallHabits

Add new comment

1 + 3 =